ပေါင်းတည် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသပေးခြင်းကို ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက အလိမ္မာပညာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် သဘာဝဘေးအန္တရာယ်/ဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်သိရှိပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိနားလည်စေရန် ဖြစ်ပွားကြုံတွေ့လာပါက ကလေးသူငယ်များအနေဖြင့် မိမိကိုယ်တိုင် (သို့မဟုတ်) ပတ်ဝန်းကျင်အား ကူညီပေးနိုင်ရန်နှင့် ဖြစ်ပွားပြီးပါက ကလေးသူငယ်များအနေဖြင့် မည်သို့နေထိုင်သင့်သည်တို့ကို သိရှိနားလည်စေရန်
ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေး ဟောပြောခြင်း၊သရုပ်ပြသပေးခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက ကျောင်းသား ကျောင်းသူလေးများအား ရှင်းလင်းဟောပြောသည်။
ယင်းနောက် ခင်းကျင်းပြသထားသော မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရာ၌ အသုံးပြုသည့် ကိရိယာများ၏ အသုံးပြုပုံအကြောင်းကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူလေးများအား ရှင်းလင်းပြသကာ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား ကယ်ဆယ်ခြင်း၊ လတ်တလော ကုသခြင်း၊ မီးလောင်ရခြင်း အကြောင်းတရားနှင့် ရေပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်မှု၌ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)