မုဒုံမြို့နယ်တွင် ဂန္ဓမာပန်း တနိုင်တပိုင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မုဒုံ ဒီဇင်ဘ ၁၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တနိုင်တပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပန်းပျိုးပင်များကို တစ်လကြာပျိုးထားပြီး စစိုက်သည့်အချိန်မှစ၍  နှစ်လခန့်အကြာတွင် နုတ်ယူရောင်းချနိုင်ကြောင်း၊  စိုက်ခင်းထဲတွင် ပန်းပင်သုံးသောင်းကျော် စိုက်ပျိုးရသော ကုန်ကျစရိတ်သည် ငွေကျပ် လေးသိန်းဝန်းကျင်ရှိပြီး တစ်ရက်လျှင် ငွေကျပ် လေးသောင်းနီးပါး ရောင်းရပါကြောင်း၊ ဂန္ဓမာပန်းကို  တစ်ရိုးတစ်ပွင့်ပန်းနှင့် အခိုင်လိုက်ထားသည့် ပန်းဆိုပြီး နှစ်မျိုးရှိကာ ဂန္ဓမာ၊ ကြွေဖြူ၊ ရွှေဝါ စသည့် ဂန္ဓမာပန်း အမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း၊ မိုးရာသီအချိန်တွင် ပန်းပင်များကို အမိုးမိုးပြီး စိုက်ပျိုးသည့်အတွက် အမြတ်နည်းပါးကာ နွေရာသီတွင် ရေပြဿနာကြောင့် နည်းနည်းပါးပါးသာ စိုက်ပျိုးကြကြောင်း၊ ခုဆောင်းရာသီတွင်သာ ပန်းအထွက်များပြီး စိုက်ပျိုးရသည်မှာ အဆင်ပြေပါကြောင်း ကော့ခိုက်ကျေးရွာနေ ပန်းစိုက်တောင်သူ ဦးဋ္ဌေးဝင်းက ပြောသည်။

မုဒုံမြို့နယ် ကော့ခိုက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ပန်းပင်များကိုသာ အဓိက စိုက်ပျိုးကြပြီး အိမ်ခြံဝင်းနှင့် စိုက်ပျိုးမြေများတွင် မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ရွှေဝါပန်း စသည့်ပန်းအမျိုးအစားများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)