ဝေါ ဒီဇင်ဘာလ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း၊ ကျိုက်လှ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်မော်က အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က Moderator အဖြစ်ဆောင်ရွက်ပေးပြီး အခြေခံပညာအလယ်တန်းကျောင်း ကျိုက်လှမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-9 မှ မချစ်စုဝေက ကဗျာမဆန်သောဘဝခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မနှင်းဝတ်ရည်က ကွန်ဖြူးရှပ်ဝါဒခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မောင်သီဟစိုးက သမိုင်းအဆက်အစပ်ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-9 မှ မလင်းလဲ့ချိုက ကွန်ဖြူးရှပ်၏ ကိုယ်ရေးအတ္ထုပတ္တိခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မောင်ဇွဲယုံမာန်က ကွန်ဖြူးရှပ်၏ ပို့ချချက် များခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မောင်ဟိန်းမိုးဇော်က ကွန်ဖြူးရှပ်တန်ဖိုးများခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)