ရေတာရှည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ယနေ့ နေ့လယ်(၁)နာရီအချိန်က အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သော်ဇင်အောင်က ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော ကလေးအလုပ်သမားပြဿနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဒေါ်ငုဝါကျော်မှ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာမတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာမတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များစသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)