ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပေါင် ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)၊ လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍  စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌  ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင် ဦးအောင်မြင့်က လူငယ်များကိုပျိုးထောင်ပေးပါအကြောင်းကိုလည်းကောင်း၊ (Youth Club)အဖွဲ့ဝင် မင်းရန်အောင်က ပုံပြင်ထဲကဓမ္မသင်ခန်းစာအကြောင်းကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင်မင်းကျော်လင်းဦးက နောင်တရမှာမကြောက်ပါနဲ့ကိုလည်းကောင်း စသည့်ခေါင်းစဉ်တို့ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)