တောင်ငူမြို့၌ မုန့်ဖတ်ခြောက်လုပ်ငန်းများ ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်ရေး ပညာပေးဆွေးနွေးခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များ၏ တောင်ငူဒေသထွက် မုန့်ဖတ်ခြောက်များအား ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေး၊ ထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်ရေး ပညာပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဝင်းအောင်က မုန့်ဖတ်ခြောက်လုပ်ငန်းများတိုးတက်စေရေး တီထွင်ကြံဆဆောင်ရွက်စေလိုကြောင်း၊ တောင်ငူဒေသထွက် မုန့်ဖတ်ခြောက်များအား ထုပ်ပိုးမှုကိုအဆင့်မြှင့်တင်ပြီး ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက် ပိုမိုတိုးချဲ့တင်ပို့နိုင်ရေး၊ မုန့်ဟင်းခါးသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သည့် အစားအစာဖြစ်သောကြောင့် မြန်မာအလုပ်သမားများ အများစုရှိသည့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအထိ  စျေးကွက်ထိုးဖောက်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး မုန့်ဖတ်ခြောက်လုပ်ငန်းများ ထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်ခြင်းများအား Video Clip ဖြင့် ပြသသည်။

ထို့နောက် ခရိုင်အစားအသောက်နှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဦးငြိမ်းမင်းအောင်က Food Section မှ လက်ရှိထုတ်ပေးလျက်ရှိသော IR ၊ IHC ၊ EHC နှင့် Local Manufacturing Recommendation များအား Online e-Submission စနစ်မှ လျှောက်ထားရန် FDA ၏ Online Service Portal ကို ဆွေးနွေးရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးနေထွန်းဝင်းက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိစ္စရပ်များ၊  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နှင်းနန္ဒာလှိုင်က  ဌာနနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ဆွေးနွေးရှင်းလင်းပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမျိုးအောင်က ထုတ်ပိုးမှုကုန်ညွှန်းမှတ်သားမှုဖော်ပြခြင်းနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအကြောင်း ဆွေးနွေးရှင်းလင်းပြောကြားသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များက အခက်အခဲများ၊ လိုအပ်ချက်များအား ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ ပညာပေးဆွေးနွေးခြင်းအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံမုန့်ဖတ်ခြောက်လုပ်ငန်းရှင်များ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)