အောင်လံ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ခရိုင်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ခရိုင်ပညာရေးမှူး(ကိုယ်စား)၊ လ/ထညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဆရာကြီးဦးနော်ဂျာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အကဲဖြတ်ဒိုင်လူကြီးအဖွဲ့ဝင်(၁)ဦးက အမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားခြင်းနှင့် အောင်လံခရိုင်ပညာရေးမှူးရုံး၊ လ/ထညွှန်ကြားရေးမှူး(ပညာ/စီမံကိန်းများကြီးကြပ်အကဲဖြတ်) ဌာနစိတ်မှ ဆရာမကြီးဒေါ်သန်းဌေးဝင်းက ကျပန်းစကားပြောခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(ခရိုင်အဆင့်) ကျပန်းစကားပြော ပြိုင်ပွဲဝင်များဖြစ်သည့် မရင်ငြိမ်းအေး၊ မမေသဉ္ဇာခိုင်၊ မဆုလဲ့နှင်း၊ မောင်ကျော်ဇင်သန့် တို့ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို အဖွဲ့ဝင်ဒိုင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)