ဇီးကုန်း ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် နွေစပါးစိုက်တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးဆိုင်ရာကိစ္စရပ်များနှင့် မျိုးကောင်းမျိုးသန့်ပြန့်ပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် အချိန်မှီစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် နယူးအေးရှားဟိုက်တက်(စ်)ကုမ္ပဏီမှ CEO ဦးစိုးလင်းထွန်းက အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေဝါရောင်ကုမ္ပဏီလီမီတက်တာဝန်ခံ ဦးသန့်ဇင်က တောင်သူများစိုက်ပျိုးရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့်ပတ်သက်၍ စိုက်ပျိုးနည်းစနစ်၊ ပိုးမွှားအန္တရာယ်နှင့် ဓာတ်မြေဩဇာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၄ ခုနှစ် နွေစပါး စိုက်ဧက (၆၉၃၇) လျာထားဆောင်ရွက်ထားရှိကြောင်းနှင့် အချိန်မှီပြီးစီးရေး၊ ထွက်နှုန်းကောင်းမွန်ရေးနှင့် လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)