ပွင့်ဖြူ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရှောက်တောကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်အတွက် ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သာမာန်ပြင်ထိန်း ခွင့်ပြုရန်ပုံငွေဖြင့် အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးလက်စည်ပင်သာယာဈေး အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏သာမာန်ပြင်ထိန်း ခွင့်ပြုရန်ပုံငွေကျပ် ၅ သန်းဖြင့် ဈေးအနောက်ဘက်ခြမ်း ခြံစည်းရိုးအရှည်ပေ ၇၀ အား၊ အမြင့် ၅ ပေ၊ ၆ လက်မ အုတ်တံတိုင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ယင်းအုတ်တံတိုင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ဈေးသန့်ရှင်းသပ်ရပ်စေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းခွင်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဈေးသူဈေးသားများ စိတ်အေးချမ်းစွာ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရန်အတွက် ဈေးလုံခြုံရေး ခြံစည်းရိုးအုတ်တံတိုင်း တည်ဆောက်ခြင်းလုပ်ငန်းအား လုပ်ငန်းအရည်အသွေး ပြည့်မီအောင် စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့မဈေးကြီးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ပိုင် ကျေးလက်စည်ပင်သာယာဈေးများဖြစ်သည့် ရှောက်တောဈေး၊ ကုန်းဇောင်းဈေး၊ လယ်ကိုင်းဈေး၊ ကျောင်းတော်ရာဈေးများတွင် ဈေးလုံခြုံရေးနှင့် ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အမှိုက်ကန်ရှိ အမှိုက်များသိမ်းဆည်းခြင်း၊ ဈေးမီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေးခြင်း၊ စားသုံးသူပြည်သူများ အသားငါးများဝယ်ယူစားသုံးရာ၌ သင့်တင့်သောဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူစားသုံးခွင့်ရရှိရေး သားငါးဈေးဆိုင်ခန်းများတွင် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချရေးနှင့် အချိန်အတွယ်မှန်ကန်စေရေး ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ဈေးလုံခြုံမှုရှိစေရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာန၏ခွင့်ပြုရန်ပုံငွေဖြင့် ဘက်စုံပြုပြင်တည်ဆောက်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)