ဘိုကလေး ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁)နာရီ အချိန်၌ မြို့နယ်အတွင်းရှိ ပိုက်ဆံလျှော်မျိုးစေ့ သီးသန့် စိုက်ဧက(၂၅၀)အတွက် ထွန်ယက်ခထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မြို့နယ်တွင်းရှိ ကျေးရွာ အုပ်စုများအနေဖြင့် ကျေးရွာအုပ်စု(၁)ခုလျှင် ပိုက်ဆံလျှော်မျိုးစေ့ စိုက်ဧက(၅၀)စိုက်ပျိုးနိုင်ရေး၊ တစ်ဧကလျှင် လျှော်မျိုးစေ့ (၂)ပြည်နှုန်းဖြင့် ကျေးရွာအုပ်စု(၁)ခုလျှင် ပြည်(၁၀၀)ထွက်ရှိရေး ကြိုးစားဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဘိုကလေးမြို့နယ်အတွင်းရှိ ပိုက်ဆံလျှော်မျိုးစေ့ သီးသန့်စိုက်ဧကရှိသော ဗြူးစခန်း၊ ဒေါင့်ကြီး၊ ကမကလူ၊ ပက်ပြဲ၊ ပေါင်းတည် ကျေးရွာအုပ်စုများအတွက် ထွန်ယက်ခထောက်ပံ့ငွေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှ လက်ခံရယူခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်တွင်းရှိ ပိုက်ဆံလျှော်မျိုးစေ့ စိုက်ဧက (၂၅၀)အတွက် (၁)ဧကလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ်သိန်း (၇၅)သိန်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)