ပေါက်ခေါင်း ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.လ.က(အုတ်ပုံ)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် အ.လ.က(အုတ်ပုံ)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဉ်မွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူး(Moderator)အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းထွန်းစိုးက ဆောင်ရွက်ပြီး အ.လ.က(အုတ်ပုံ)(Grade-8)မှ မောင်အာကာရဲတိုက်က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9)မှ မစုမြတ်နိုးက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9)မှမောင်ယုဇော်နိုင်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-8)မှ မယမင်းမြတ်က လူငယ်နှင့်စာဖတ်ဝါသနာ ခေါင်းစဉ်ဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)