ခန္တီး ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းကျောင်း (အောင်သာ)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို အဆိုပါ ကျောင်းခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စာပေကြောင့် အတွေးအခေါ်များ မှန်ကန်လာစေမည်ဖြစ်ပါကြောင်းစသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒေါ်သွယ်သွယ်ဦးက ဆင်သေကောင်နှင် ကျီးကန်မိုက် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား/ သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးဟောပြောသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အသိပညာပေး သုတ၊ ရသစာအုပ်များနှင့် အခြား စိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။
အေးခိုင်(ပြန်/ဆက်)