ဖျာပုံမြို့နယ်၊ ကျောက်ရဲ (အ.လ.က) ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက် စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေ ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲ ကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံမြို့နယ် ကျောက်ရဲ (အ.လ.က) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စကားဝိုင်း​ပြုလုပ်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် "လူငယ်စကားဝိုင်း" ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများ အဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ် မာမာလွင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်နှင့် အတူ Grade (8) မှ မောင်​ကျော်စိုးအောင်က "လူငယ်နှင့် မူးယစ်ဆေးဝါး"၊ Greade (9)မှ မောင်သူရနိုင်က "လူငယ်နှင့် အားကစား"၊ Greade(8)မှ မဇင်မိုးက "လူငယ်နှင့် စာပေ"၊ မအိမွန်ကျော်က "လူငယ်နှင့် စည်းကမ်း" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေး​ပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းချက်များအား၊ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)