လက်ပံတန်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဆင်းပွဲကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျေးနီရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်၊ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်၊ ပြည်တွင်းတွင် လူသုံးကုန်ပစ္စည်းနည်းပညာများ ထုတ်လုပ်လာနိုင်ခြင်းကြောင့် ပြည်ပမှသွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းများပေါ်ထွန်းလာစေရန်၊  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များပြန့်ပွားလာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးတက်ရောက်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ  အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် Hand Gel စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ရာ သင်တန်းတွင်ထူးချွန်ဆုရရှိသူ(၃)ဦးအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီးသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)