မြိတ် ဒီဇင်ဘာ ၁၅
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ကျင်းပလျက်ရှိသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ (၂)ယောက်တွဲ ဗိုလ်လုပွဲတွင် ဘူမိဗေဒဌာနအသင်းနှင့် ပထဝီဝင်ဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဘူမိဗေဒဌာနအသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကာ (၃)ယောက်တွဲ ဗိုလ်လုပွဲတွင် ဘူမိဗေဒဌာနအသင်းနှင့် ရူပဗေဒဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ရူပဗေဒဌာန အသင်းက (၂)ပွဲ(၁)ပွဲဖြင့်အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲ ပြိုင်ပွဲများကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်း သား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတလျှောက် တာဝန်ယူ ဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲတို့တွင် အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံး နောက်ထိန်း အားကစား သမားဆု၊ အကောင်းဆုံး ပင့်ထောင် အားကစားသမားဆု၊ အကောင်းဆုံး ရိုက်ခုတ် အားကစားသမားဆုနှင့် တတိယ၊ ဒုတိယနှင့် ပထမဆု ရရှိခဲ့ကြ သော အသင်းများမှ အားကစာသမားများအား ဆုတံဆိပ်များနှင့် လည်ဆွဲဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် (၂)ယောက် တွဲပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ဘူမိဗေဒဌာနအသင်းအား တံခွန်စိုက်ဆု ဖလားကို ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင် က ပေးအပ်ချီးမြှင့်ခဲ့ပြီး (၃)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ရူပဗေဒဌာနအသင်းအား တံခွန်စိုက်ဆု ဖလားကို ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ဘာသာရပ် ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ(၁၁)ရက်မှ (၁၄)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)