ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တံခါး  ဒီဇင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း(ဆေးရိုးခင်)နှင့် အခြေခံပညာအထက်တန်း(ခွဲ)(ဆယ့်လေးရွာ)ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖဒိုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက အဖွင့်အမှာစကားပြောကြားကြပြီး  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က အားကစားသိပ္ပံအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က လူငယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်နှင့် ဝန်ထမ်းများက မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် သဘာဝဘေးနဲ့ပတ်သက်သည့်အကြောင်းအရာများအား အသီးသီး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်းပိုစတာများအားပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)