စေတုတ္တရာမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

စေတုတ္တရာ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)ကျောင်း၌ ကျင်းပသည်။

ထို့နောက် ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း(စေတုတ္တရာ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က “ကျောင်းသား၊ ကျောင်းသူလူငယ်များ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုပမ်းဆောင်ရွက်ခဲ့မှု သမိုင်းဝင်နေ့ထူးနေမြတ် အကြောင်းအရာများအား သိရှိနိုင်စေရန်နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်၊ လူရွယ်များဖြစ်လာစေရန် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကျပန်းစကားပြောယှဉ်ပြိုင်ရာတွင် ဝတ်စားဆင်ယင်မှု၊ မိတ်ဆက်ခြင်း၊ ဟန်ပန်အမူအရာ၊ ခေါင်းစဉ်နှင့် လျော်ညီစွာပြောကြားနိုင်မှု၊ သတ်မှတ်အချိန်အစရှိသည် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာတွင် အခြေခံပညာအထက်တန်း(စေတုတ္တရာ)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က (၇၆)နှစ်မြောက်လွတ်လပ်ရေးမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ လွတ်လပ်ရေးမှသည် ပိုမိုကောင်းမွန်သော ငြိမ်ချမ်းသောအနာဂတ်ဆီသို့ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်များအဖြစ် အ.ထ.က စေတုတ္တရာကျောင်းမှ အထက်တန်းပြဆရာမများ၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ပါဝင်ဆောင်ရွက်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၈၀)ဦးခန့် တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)