ပျော်ဘွယ်မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၅

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် (၁၀) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် ယခုလို လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့် ခေါင်းစဉ်များကို အစည်းအဝေးသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးစေလိုကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများက ပြိုင်ပွဲကျင်းပရာတွင် အထက်တန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်လျှင် အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ အမှတ်ပေးဒိုင်လူကြီးများကိုလည်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်မှုမရှိသည့် ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ပြင်ပမှ ကျွမ်းကျင်ပညာရှင်များကို ရွေးချယ်သွားရန်လိုအပ်ပါကြောင်း စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)