နတ်မောက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူ/လယ်အဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တစ်မျိုးသားလုံး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအသိပညာများကို သိရှိစေရန် ရည်ရွယ်၍ ကျောင်းသား/သူများအတွက် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၃၀)ဦးတို့မှ “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ဆရာ/မများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ သူများအား ၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း