နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

နတ်မောက် ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

၂၀၂၄-ခုနှစ် ဧပြီလ(၁)ရက်တွင် စတင်မည့် ၂၀၂၄-၂၀၂၅ ခုနှစ် နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များကို လေလံတင်ရောင်းချနိုင်ရေးအတွက် လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ လေလံရောင်းချရေးအဖွဲ့တို့ပါဝင်သော ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်ရပ်အခွင့်အရေးဆိုင်ရာ လိုင်စင်တစ်မျိုးခြင်း၏ လေလံသင့်တန်ဘိုးနှင့် လေလံစည်းကမ်းများသတ်မှတ်ရေး၊ လေလံကြော်ငြာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မူမူစန်း