ကန့်ဘလူ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင် နှင့်နံရံကပ်စာ စောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် အလက(ခွဲ) (၁) ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်သန်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဌာန၏ဆောင်ရွက်နေမှုများနှင့် ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက် စေရန်နှင့် ထိရောက်စွာကာကွယ်တားဆီးရန် စသည့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်ထား ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရပ်ကပ်စာစောင် များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)