ဓနုဖြူမြို့နယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဓနုဖြူ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(နန်းတော်ကုန်း)၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက စာဖတ်ခြင်း​၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စာဖတ်ခြင်းဖြင့် အတွေးအခေါ်များ ရင့်ကျက်လာနိုင်ကြောင်း၊ ဖြန့်ကျက်တွေးတောနိုင်စွမ်း ရှိလာနိုင်ကြောင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိနိုင်ကြောင်း၊ အသိပညာဗဟုသုတများစွာ ရရှိနိုင်ကြောင်းနှင့် လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဥ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)