သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

သံတွဲ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobileမော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှု့နိုင်စေရေးအတွက် ယနေ့မွန်းလွဲ ၂း၃၀နာရီက သံတွဲခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ/ရသစာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့သည့်အပြင် အသင်းဝင်ကတ်များကိုလည်း အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသူများအတွက် ရည်ရွယ်ပြီး ယခုလိုဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)