ဖျာပုံမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက် 

ဖျာပုံ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ဖျာပုံမြို့နယ် အ.လ.က (ကျောက်ရဲ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.လ.က (ကျောက်ရဲ)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က “လူငယ်ဘဝပညာသင်အရွယ်မှစပြီး၊ မိမိဝါသနာပါရာ ရည်မှန်းချက်ကို အဓိကထားကြိုးစားကြစေလိုကြောင်း၊ လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေး၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို” အသိပညာပေးဟောပြောခဲ့ပြီး ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က “အားကစားနှင့် အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများတွင်လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း” အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)