ပေါင် ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ် အ.ထ.က(မင်းတန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အ.ထ.က(မင်းတန်း)ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာခင်က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင်ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(မင်းတန်း)ကျောင်းမှ Grade-11 ကျောင်းသား မင်းပိုင်ဇင်ခန့်ဖြိုးက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade - 11 ကျောင်းသား မင်းလျှံထောက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူမမြသဇင်ဦးက အဏ္ဏဝါအမှိုက်သရိုက်နှင့်ပလတ်စတစ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 ကျောင်းသူမိခိုင်ဇာလင်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူမိလှိုင်သဇင်ထွန်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အ.ထ.က(မင်းတန်း)ကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)