ဒေးဒရဲ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ သိရှိလိုက်နာနိုင်စေရေးရည်ရွယ်၍ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးက မီးဘေးအန္တရာယ်ကင်းရှင်းရေး သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြသပေးပြီး ကျောင်းအခြေပြု၊ ရပ်ရွာအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဥ်ဖြင့် ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း