တောင်ငူ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) တောင်ငူတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် (မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ကျား၊ မ အခြေပြုအကြမ်းဖက်မှုအကြောင်း၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ နည်းပညာရပ်ဆိုင်ရာအကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှု ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊ အကြမ်းဖက်မှု၏ အကျိုးသက်ရောက်မှုများ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေးသော ဥပဒေပုဒ်မများ၊ သက်ငယ်မုဒိမ်း၏ အဓိပ္ပါယ်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများ၊ အခြားဝန်ဆောင်မှုပေးနေမှုများကို ဆွေးနွေးရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးရှောက်စောင့်ရေး အသင်းဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)မှ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)