ကျောက်ဆည် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ထားဝယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်မာမာဦးက ငယ်ရွယ်စဉ်အချိန်ကပင် စဉ်းစားတွေးခေါ်မှုမြင့်မားစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်များဖြစ်စေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ငယ်စဉ်ကပင်အချိန်ကို ကောင်းစွာအသုံးချပြီး ကျောင်းစာအပြင် ဗဟုတများရရှိမည့်စာပေများကို ရှာဖွေဖတ်ရှုကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သုတ၊ ရသစာအုပ်များဖတ်ရှုလေ့လာကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)