ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည်  ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ညနေ(၂)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်ကျ ရောဂါများအကြောင်းနှင့် မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစု စိတ်ဓာတ်လျော့နည်းလာခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ် ကြောင့်ကျမှု ဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုး ကျိုးများဖြစ်သည့် AIDS ခေါ် ခုခံအားကျဆင်းမှုရောဂါဖြစ်ခြင်း၊ ဆေးလွန် သဖြင့် မိန်းမောစွာ အိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့်လျှင်အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ ကျင်နာ၊ အကြောသေရောဂါ ဖြစ်ခြင်း၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသည်း ရောဂါ၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်း များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများဖြစ်သည့် ထုတ်လုပ်မှုလျှာ့ ချရေးနှင့်အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီ ဖြစ်စေရေးအကြောင်းများ နှင့် မဟာဗျူဟာနှင့် နည်းဗျူဟာများဖြစ်သည့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အမျိုးသား ရေးတာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှတိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှုလုံးဝချုပ်ငြိမ်းပပျောက်ရေး၊ သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ခရိုင်၊ပြန်/ဆက်)