လိပ်သို ဒီဇင်ဘာ ၁၄
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာ ပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာမ မြမြဆွေ (စိတ်ပညာ) ရေးသားသော “နွေးနွေးထွေးထွေး စိတ်တံခါးဖွင့်ပေးမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင် ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ မြမြဆွေ(စိတ်ပညာ) ရေးသားသည့် “နွေးနွေးထွေးထွေး စိတ်တံခါးဖွင့်ပေးမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောအောင်ကိုဦးက “ နေကြာပန်းလိုလန်းစေသူ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် စောဝေလင်းအောင်က “ဆယ်ကျော်သက်တို့အရေးဆွေးနွေးရအောင်” ခေါင်းစဉ်အောက်မှ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံရဲ့မျိုးဆက်သစ်လူငယ်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေမှာ ကျန်းမာချမ်းသာဖြစ်စေဖို့လိုအပ်ပါကြောင်း၊ ဆယ်ကျော်သက်တွေမှာ ကြုံတွေ့ရတဲ့မိသားစု ပြဿာနာအမျိုးအစားသုံးမျိုးအကြောင်းကို တင်ပြချင်ပါကြောင်း၊ ဆယ်ကျော်သက်တွေကို ဆွေးနွေးအကြံပေးမှုလုပ်တဲ့အခါ အရေးကြီးဆုံးအချက်ကတော့ သူတို့ပြောသမျှကို စိတ်ရှည်စွာနားထောင်ပေးဖို့က ဆွေးနွေးအကြံပေးသူရဲ့ အရေးကြီးဆုံး အရည်အချင်းဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို စာပေဝါသနာရှင်များက စုပေါင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး လာမည့်စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြသည်။ လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သည် အသိပညာပေးလုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ စာအုပ်ပြပွဲများနှင့် Talk Show အစီအစဉ်များကို အပတ်စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)