ပျော်ဘွယ် ဒီဇင်ဘာ ၁၄
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ဇောင်ချမ်းတောင်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ကျောင်းသူများ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့် အကြောင်းအရာများ၊ တိုးတက်လာသော ခေတ်စနစ်နှင့်အညီ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန် လေ့လာသိရှိထားသင့်သည့်အကြောင်းအရာများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးဟောပြောသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုငှားရမ်းခဲ့ကြကြောင်း၊ အလားတူ မွန်းလွဲပိုင်းတွင်လည်း မြို့နယ် Community Centre ခန်းမ၌ အသိပညာပေးဟောပြောပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)