မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၁၄

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများ အစဉ်အမြဲအောက်မေ့ သတိရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊  လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏  အရသာ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် မျိုးချစ်သူရဲကောင်းများအား အတုယူကြစေရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)