ဒဂုံမြောက် ဒီဇင်ဘာ ၁၄
(၇၆)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)နှင့် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) တို့ကဆောင်ရွက်ခဲ့ကြသော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၂၇)ရပ်ကွက်နေ ပြည်သူများလမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေလုံလောက်စွာရရှိစေရေးတို့အတွက် ဘုရင့်နောင်လမ်း (အမှတ်-၂ လမ်းမှ ဆရာစံလမ်းထိ) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဘုရင့်နောင်လမ်း၊ မီးရထားခုံးကျော်တံတားအနီးမုခ်ဦးမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်ကော်မတီဝင်များမှ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယခုဖွင့်လှစ်ခဲ့သော ကွန်ကရိလမ်းသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဘုရင့်နောင်လမ်း (အမှတ်-၂ လမ်းမှ မြဝတီမင်းကြီးလမ်းထိ) အရှည်(၂၅၀၉၀)ပေ (၄.၇၅၂) မိုင်ရှိပြီး မြဝတီမင်းကြီးလမ်းမှ ပြည်ထောင်စုလမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ထိ ဆက်စပ်လျက်ရှိသည့် အရေးပါသောလမ်းတစ်လမ်းဖြစ်သည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဘုရင့်နောင်လမ်း(အမှတ်-၂ လမ်းမှ မြဝတီမင်းကြီးလမ်းထိ) အရှည်(၅၀၅၀)ပေ အကျယ်(၄၄)ပေရှိ ကွန်ကရစ်လမ်းအဖြစ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်ခဲ့ပြီး ၃၁-၁၂-၂၀၁၀ ရက်နေ့တွင် ဖွင်လှစ်၍စတင်အသုံးပြုခဲ့သည်။
မူလကွန်ကရစ်လမ်းအကျယ်(၄၄)ပေမှ (၄၈)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘုရင့်နောင်လမ်းအပိုင်း(၁)အား ကွန်ကရစ်လမ်း(၃၂၅၀ ပေ× ၄၈ ပေ)၊ စင်္ကြန်(၅၀၀ ပေ × ၈ ပေ)နှင့် လမ်းလယ်ကျွန်း (၂၅၈၀ ပေ× ၁၆ ပေ)ကိုလည်းကောင်း ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဘုရင့်နောင်လမ်းအပိုင်း(၂)အား ကွန်ကရစ်လမ်း(၁၈၀၀ ပေ × ၄၈ ပေ)၊ စင်္ကြန်(၆၈၀ ပေ × ၅ ပေ)နှင့် လမ်းလယ်ကျွန်း (၈၂၅ ပေ × ၁၆ ပေ) ဆောင်ရွက်ခဲ့သဖြင့် စုစုပေါင်း ကွန်ကရိလမ်း(၅၀၅၀ ပေ × ၄၈ ပေ)၊ စင်္ကြန်(၁၁၈၀ ပေ)နှင့် လမ်းလယ်ကျွန်း (၃၄၀၅ ပေ × ၁၆ ပေ)တို့အား အဆင့်မြှင်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနားကိုတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သောက်သုံးရေများ စတင်ဖြန့်ဝေပေးခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းရေပိုက်လိုင်းအရှည် ၆၂၆၃၄ ပေ ဆက်သွယ်ဆောင်ရွက်ပြီးဖြစ်၍ ရွှေပင်လုံအိမ်ရာရှိ အိမ်ထောင်စု ၆၉၁ စုအတွက် လဂွန်းပြင်စီမံကိန်းမှ တစ်နေ့ ရေဂါလံတစ်သိန်း ဖြန့်ဝေသွားမည်ဖြစ်သည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ