မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃)နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အမှတ်စဉ် (၄/ ၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၁၄

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)နှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အမှတ်စဉ်(၄/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည်စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး လူတို့၏နေ့စဉ်ဘဝတွင် စားရေရိက္ခာသည်အရေးကြီးပြီး စားနပ်ရိက္ခာကို အထောက်အကူပြုရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးလယ်ယာမြေများအား ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်(သို့မဟုတ်) အသုံးပြုခွင့်ပေးထားပြီးနောက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်တည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ကြောင်း၊ လယ်ယာမြေဥပဒေတွင် ပြဌာန်းထားရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်သည် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို့ကို ခွင့်ပြုထားခြင်းမရှိကြောင်း၊ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ပြီး၊ တည်ငြိမ်မှုရှိသည့် ကာလတွင် လယ်ယာမြေကဲ့သို့ အကျိုးခံစားခွင့်ရရှိစေရေးအတွက် ပြောင်းလဲခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ပန်းတိုင်အထွက်နှုန်း ပြည့်မီကောင်းမွန်ရေး၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံ၊ နေကြာအပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာတို့ကို ပြည့်စုံအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ လျှောက်ထားသည့် လုပ်ငန်း စာတွဲများ၊ လယ်ယာမြေဥပဒေနှင့်အညီ လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့် အယူခံမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် ကော်မတီအဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ပြည်နယ်အတွင်း မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)