မုံရွာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်သော ဝန်ထမ်းများသည် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်လာပါက တောင်သူများ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဆိုးကျိုးများကို တောင်သူများသိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ပြီး အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်နိုင်သည့်အတွက် ရာသီဥတုဒဏ်ခံနိုင်သော နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ အဆိုပါ နည်းပညာပေးသင်တန်းတွင် ခရိုင်ဦးစီးမှူးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ အခြေခံသည့် နိုင်ငံဖြစ်ပြီး လယ်ယာကဏ္ဍ ဖွဲ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည်လည်း ရာသီဥတုအပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် အယ်လ်နီညိုရာသီဥတု အခြေအနေပေါ်ပေါက်လာရန် အခွင့်အလမ်းများစွာ ရှိနေပြီး အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့် အစွန်းရောက် မိုးလေဝသအခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင် ထိခိုက်မှုများစွာ ကြုံတွေ့လာနိုင်မည် ဖြစ်ကြောင်း၊ အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်၊ မတ်လမှ စက်တင်ဘာလ အစပျိုးလာပြီ ဩဂုတ်လအတွင်း အစပျိုးအဆင့်မှ အားကောင်းသောအဆင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း အားအကောင်းဆုံး အဆင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း အကျိုးသက်ရောက်မှုအဆင့် ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် အယ်လ်နီညို အခြေအနေမှာ တစ်ဖြည်းဖြည်း ပြန်လည်လျော့ကြသွားမည် ဖြစ်ပါကြောင်း၊ မိုးရွာသွန်းမှု မူမမှန်ခြင်း နေ့အပူချိန်များ မြင့်မားခြင်း မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်မည် ဖြစ်ပါကြောင်း အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်လာပါက စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် သက်လျင် အထွက်ကောင်းစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန် သက်တမ်းတို ပဲမျိုးစုံ သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုး၍ သက်တမ်းတို ဆီထွက်သီးနှံမျိုးများလည်း စိုက်ပျိုးရန် နွေရာသီတွင် စပါးသီးနှံအစား ရေအနည်းဆုံး နှမ်း၊ ပဲတီစိမ်း ပြောင်းလဲစိုက်ပျိုးရန် (စပါး - စပါး) အစား (စပါး - ပဲမျိုးစုံ) ပြောင်းလဲစိုက်ပျိုးရန် (စပါး - ပဲ - စပါး) အစား (စပါး-ပဲ-ဆီထွက်သီးနှံ) စသည့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးကြရန်နှင့် ရာသီဥတု ပူးပြင်းခြောက်သွေ့ပါက မြေတွင်းအစိုဓါတ် ထိန်းသိမ်းရန် အတွက် ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံစသည့် သီးနှံအကြွင်းအကျန်များအား မြေတွင်း ဖုံးလွှမ်းစေခြင်း၊ ရေကိုခြွေတာ သုံးစွဲခြင်းနှင့် ရေစုကန်များ တူးခြင်း၊ ရေသွင်းစနစ်အစား ရေဖြန်း စနစ်များ အလှည့်ကျစနစ်များဖြင့် အစိုဓါတ်ထိန်းပေးခြင်း၊ သဘာဝမြေဆွေးပုံများ ပြုလုပ်သုံးစွဲရန် တို့ကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင် ဦးစီးမှူးရုံးရှိ ခရိုင်မျိုးစေ့တာဝန်ခံမှ မိုးစပါး တင်း(၁၀၀) အထက် ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပို့ချပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံမှ ကြက်သွန်နီ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ရေး၊ ဓါတ်မြေဩဇာ စနစ်တကျသုံးစွဲနည်းနှင့် လိုက်နာရမည့် စိုက်ပျိုး နည်းစနစ်များ နည်းပညာပေးဆွေးနွေးခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
မုံရွာခရိုင်ရုံး ဝန်ထမ်းအိမ်ယာများတွင် စိုက်ပျိုးထားရှိသော ပဲစိမ်းငုံမျိုးသစ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဇလုပ်ခြံမှ ရရှိသည့် (လိုင်းနံပတ်၈၉၀၁၅)မျိုး ရာသီဥတုဒဏ်ခံနိုင်ပြီး မိုးခေါင်ဒဏ်ခံနိုင်၍ အထွက်ကောင်းဖြစ်သည့်အတွက် တောင်သူများအား ကွင်းဆင်းပြသခဲ့သည်။ အဆိုပါသင်တန်းသို့ ပုရစ်ကုန်း၊ အလုံ၊ သစ်စိမ့်၊ ဘူးတောင်းကန် ကျေးရွာ (၄) ရွာမှ တောင်သူ (၄၃) ဦးနှင့် ဝန်ထမ်း (၂၄) ဦး စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)