တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

တာမွေ      ဒီဇင်ဘာ      ၁၄

ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် GENIUS ကိုယ်ပိုင်အထက်တန်းကျောင်း(တာမွေ)တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အဆိုပါ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာမွေမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ထက်ထက်ခင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး တာမွေမြို့နယ်ရှိ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာစသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့ကြပြီး တာမွေမြို့နယ်ရှိ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နွဲ့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူလေးများအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် လူငယ်များအနေဖြင့် ဒီစကားဝိုင်းများမှ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)