ပေါက်ခေါင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်နှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မီးဘေးလုံခြုံရေး၊ မီးဘေးကြောင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးတို့အတွက် မြို့နယ်တွင်းရှိ စာသင်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများထံသို့ မှာကြား ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ မီးချိတ်၊ မီးကပ်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အားသွယ်တန်းထားရှိမှု၊ မီးခလုပ်များကြံ့ခိုင်မှုအခြေအနေတို့ကို စစ်ဆေးမှုများအပြင် မီးသတ်ရေကန်၊ မီးချိတ်မီးကပ် ထားရှိသုံးစွဲနိုင်မှု ရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်များအား စာသင်ကျောင်းတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)