ပန်းတောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်းကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်မြို့နယ်အဆင့် အထက်တန်းကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉:၃၀) အချိန်ကအခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးဆရာကြီးဦးသိန်းဒန်က “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးတို့က လွတ်လပ်ရေးနေ့နှင့်လူငယ့်တာဝန်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)