စစ်ကိုင်း ဒီဇင်ဘာ ၁၄
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းများ သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၄)ရက်၊ နံနက်(၁၀)နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးဆောင်ရွက်သည့် လုပ်ငန်းဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူများရဲ့ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရန် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအား ကျပ်(၁၀)သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများပေးအပ်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပေးထားပါသဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိသားစုဝင်ငွေများ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေမည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က သင်တန်းဆင်းလက်မှတ်များကို လည်းကောင်းပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)