မုဒုံ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(IOM) နယ်လှည့် ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နယ်လှည့်ဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် အဆုတ်နှင့် ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွမ်တာရွာဟောင်းကျေးရွာရှိ မဟာရင်ကျောင်း၌ ဆောင်ရွက်ပေးသည်။
နယ်လှည့်စစ်ဆေးကုသရာတွင် Mobile Team Leader ဒေါက်တာတင်ကိုကိုထွေးနှင့် တာဝန်ရှိသူတို့က လာရောက်ပြသသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပြီး ရောဂါတွေ့ရှိသူများအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ်သော ကုသမှုများ လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိပါက ၆ လစာ ဆေးများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများထံ ပေးအပ်သွားမည်ဖြစ်ရာ ဝေဒနာရှင်များအနေဖြင့် ၎င်းတို့ထံမှတစ်ဆင့် တစ်လစာဆေးကို ထုတ်ယူနိုင်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထုအတွင်း တီဘီရောဂါ ဖြစ်ပွားပျံ့နှံ့မှု လျှော့ချရန်၊ တီဘီရောဂါအကြောင်းကို ပိုမိုသိရှိ သဘောပေါက်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနသို့ သွားရောက်စစ်ဆေးရန် အခက်အခဲရှိသည့် သံသယလူနာများကို တီဘီရောဂါရှိ/မရှိ စမ်းသပ်ဆေးကုသပေးနိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သားငယ် (ပြန်/ဆက်)