ဒေးဒရဲ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ “မြို့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ခေါင်းစဥ်နှင့်အညီ ပြည်သူလူထုပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ နေရာများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများနှင့် မော်တော်ယာဥ်များပေါ်မှ အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ စျေးဆိုင်များတွင် အမှိုက်ပုံးများထားရှိရေး၊ အမှိုက်စို၊ အမှိုက်ခြောက်များ ခွဲခြားစွန့်ပစ်စေရန်နှင့် စည်ကမ်းတကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ဆွေးနွေးဟောပြောခဲ့ပြီး အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အား သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး မြို့ဝင်၊ မြို့ထွက် လမ်းမတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်မပစ်ရ အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်ပုံးများထားရှိခြင်း၊ မြို့ပေါ်ရပ်ကွက်များ၊ လမ်းသွယ်များသို့ နေ့စဥ်ရက်ခြား အမှိုက်များသိမ်းဆည်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
အေဇာလင်း