သာယာဝတီမြို့၌ (၃၄)ကြိမ်မြောက် စိုက်ပျိုးရေးသိပ္ပံမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

သာယာဝတီ ဒီဇင်ဘာ ၁၄

စိုက်ပျိုး​ရေးသိပ္ပံ၊ သာယာဝတီမြို့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၃၄)ကြိမ်မြောက်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သာယာဝတီမြို့ စိုက်ပျိုးရေးသိပ္ပံ ဆရာစံခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက ကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးလင်းထင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မိုးထွဋ်နှင့် ဆရာ/မများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယဗိုလ်မှူးကြီးလင်းထင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွင့်ဩဝါဒစကားပြောကြားရာတွင် ဤကျောင်းတော်ကြီးသို့နေရာ ဒေသအသီးသီးကနေ လာရောက်ပညာသင်ကြတဲ့ကျောင်းသား၊ ကျောင်းသူလေးများ အားလုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ သာယာဝတီစိုက်ပျိုးရေးသိပ္ပံကျောင်းကို တစ်နှစ်ထက်တစ်နှစ်ပိုမို စိတ်ဝင်စားသူ၊ လျှောက်ထားသူတက်ရောက်သူတွေများပြားလာတယ်လို့သိရ​၍ ကောင်းတဲ့ပြယုဂ်တစ်ခုလို့မြင်မိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူတွေဟာ မြန်မာနိုင်ငံလိုစိုက်ပျိုးရေးနိုင်ငံမှာများစွာ အရေးပါလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြားက လူငယ်မောင်မယ်တွေကို အသက်မွေးဝမ်းကြောင်းပညာရပ် အထက်တန်းပညာအောင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအနေနဲ့ စနစ်တကျလေ့လာသင်ယူနိုင်ကြစေဘို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များမွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းများကိုဖွင့်လှစ်ထားရှိကြောင်းပြောကြားပြီး စိုက်သိပ္ပံ(သာယာဝတီ)ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မိုးထွဋ်နှင့် စာပေဌာနမှ ဆရာကြီး ဦးခင်မောင်ရင်တို့က မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ‌ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)