ပြည်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် (အမျိုးသား၊ အမျိုးသမီး )ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည် ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့်(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ၎င်းတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ဖွင့်ပွဲတွင် ပါမောက္ခချုပ်ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်ပေါင်းစုံမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများကိုစတင်ကျင်းပရာ မြန်မာစာနှင့် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့၏ အသီသီးယှဉ်ပြိုင်မှုကို ပါမောက္ခချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ပြည်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများတွင် (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲအပါဝင် ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် (အမျိုးသား)ဘောလုံးပြိုင်ပွဲတို့ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကျင်းပမည့် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ်တာဝန်ရှိသူထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)