ရွှေတောင် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ အ.မ.က(သဲတန်း)ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာကော်မတီပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ သဲတန်းအခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်အနာဂတ်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူ၏အဓိပ္ပာယ်၊ အခွင့်အရေးနှင့်တာဝန်၊ ကုန်အညွှန်းအမှတ်အသား (၈)ချက်ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်နုနုဖြိုးက လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး၊ အားကစားကပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့် ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား မြန်မာ့သိုင်း(၆၃)ကွက်အား လက်တွေ့သရုပ်ပြသပေးခြင်းများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူးဒေါ်နွေးဒါလီနိုင်က "မိအေးချက်သည့် ဟင်းတစ်ခွက်"စက္ကူပြဇာတ်ပုံပြင်ကို ကျောင်းသား/ ကျောင်းသူလေးများအား ပြောပြပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ်ယူဆောင်လာသော စာအုပ်စာစောင်များကို ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)