ရွှေတောင်မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့်အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)ဦးဟံဝင်းအောင်က မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့်အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရေး၊ အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ လိုအပ်သည့်သွင်းအားစုများဖြစ်သည့် သဘာဝမြေသြဇာ နှင့်ဓာတ်မြေသြဇာတို့အား စနစ်တကျသုံးစွဲခြင်းနှင့် စိုက်ပျိုးရိတ်သိမ်းရာတွင် နည်းစနစ်ကျန၍ အကျိုးဖြစ်ထွန်းစေသည့် စက်ပစ္စည်းများသုံးစွဲစေရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု တစ်ခုချင်းအလိုက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်များနှင့် သမဝါယမကြွေးကျန်များ တွန်းအားပေးကောက်ခံနိုင်ရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများအားရာသီအချိန်မီ သတ်မှတ်ကာလအတွင်း စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုများ ဖြန့်ဝေဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များက ရွှေတောင်မြို့နယ်အတွင်း ကြဲခင်းစိုက်ပျိုးမှုများ လျော့နည်းပပျောက်စေရေးအတွက် ရန်ကုန်-ပြည်ကားလမ်း ဘေးဝဲ/ ယာရှိ မိုးစပါး၊ နွေစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများဖြစ်သည့် ကြာနီကန်ရပ်ကွက်၊ ကြို့ကုန်းကျေးရွာအုပ်စုနှင့် မင်းကွန်းကျေးရွာအုပ်စုများသို့ လက်ဆွဲကောက်စိုက်စက်(၃)လုံးအား ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)