ညောင်လေးပင် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြွန်တန်ဆာမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသက်မျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေပြီး တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာ Grade-11 ကျောင်းသူမခင်ရတီထွန်းမှ မိဘကိုပြောပြချင်သည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်ကောင်းမြတ်အောင်မှ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်သူရထွန်းမှ အောင်မြင်မှုပန်းတိုင်ရောက်ဖို့အတွက် အဓိကအချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်ဇင်ထွဋ်လွင်မှ အနာဂတ်ကိုမကြောက်နှင့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူမပန်းသဇင်မှ အနာကုလာစသမန္တာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူမသဲစုလှိုင်မှ တကယ်လုပ်အဟုတ်ဖြစ်သည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မထက်နန္ဒာခိုင်မှတို့မှ အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်/ဆက်)