ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၁၈၄၅၇ စိုက်ပျိုးပြီးစီး

ကျွန်းလှ ဒီဇင်ဘာ ၁၄

စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးရန် ၁၉၇၅၃ ဧကလျာထားပြီး ယနေ့အထိ ၁၈၄၅၇ ဧက၊ ၉၃ ဒသမ ၄၃ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ဧက ၁၉၀၀၀ ကျော်လျာထားပါတယ်။ လက်ရှိအချိန်အထိ ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ ဆက်လက်စိုက်ပျိုးနေကြပါတယ်။ သီးထပ်စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၁၁၃၁၃ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၃၉ ဧက၊ စားတော်ပဲ ၄၅၁၃ ဧက၊ စွန်တာပြာ ၂၁၁၉ ဧက၊ ပဲရာဇာ ၂၅၅ ဧက၊ စုစုပေါင်း ၁၈၄၅၇ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပဲစိုက်ခင်းများ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)