ကျိုက်လတ်၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်

ကျိုက်လတ် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲက ပြုလုပ် ဆောင်ရွက် ခဲ့သည်။

အဆိုပါ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ မအူပင်-ကျိုက်လတ်-ဖျာပုံကားမကြီးဘေး၊ ဦးစန္ဒာလမ်းအတိုင်း အမှတ်(၁)ရပ်ကွက်မှ အမှတ်(၅)ရပ်ကွက်ထိ လမ်းတစ်လျှောက်တွင် ပလတ်စတစ် အမှိုက်ကောက်ခြင်း၊ သစ်ကိုင်းခြောက်များ ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ကားလမ်းမကြီးဘေး ဝဲ/ယာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးတို့မှ ဈေးဆိုင်များအား အမှိုက်စနစ်တကျစွန့်ပစ်စေရေး အသိပညာပေးပြောကြားခဲ့ပြီး၊ “လမ်းပေါ်အမှိုက်မပစ်ရ”၊ “စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပါ” စသော စတေကာများကို လူစည်ကားရာနေရာများ၊ လမ်းဆုံများ၌ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၏ မော်တော်ယာဉ်ရှေ့ မြင်သာသည့်နေရာများ၌ စတေကာ ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)