ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာနိုင်ငံတွင်မြေကိုအရင်းခံပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အပြင် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူအသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ဧရိယာ ၉ ဒသမ ၀၈ သန်းကျော်ကျယ်ဝန်ပြီး စိုက်ပျိုးမြေဧရိယာ ၀ ဒသမ ၃၀ သန်းခန့်၊ မြေရိုင်း/ တောရိုင်းဧရိယာ ၃ ဒသမ ၂၂ သန်းခန့်၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂ ဒသမ ၃၃ သန်းဧကခန့်၊ ကျန်အခြားမြေဧရိယာ ၂ ဒသမ ၂၄ သန်းဧကခန့်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မြေသယံဇာတများပေါများသည့်အပြင် ကီလိုမီတာ ၁၃၀၀ ကျော်ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကိုလည်း ပိုင်ဆိုင်ထားရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့မှာရှိသည့် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်မည်ဆိုပါက ပြည်နယ်အတွက်များစွာ ဖွံ့ဖြိုးတိုးတက်မှုများရရှိမည်ဖြစ်ကြောင်း၊ မိမိပြည်နယ်၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ရိုးသားမှုကိုအခြေခံပြီးပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ မြေယာကိစ္စရပ်များ စိစစ်ဆုံးဖြတ်ရာမှာ ပြဋ္ဌာန်းထားသည့်လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများအပြင် အခြားဆက်စပ်သည့် ဥပဒေများနှင့် ချိတ်ဆက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက (၂/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုနှင့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် မြေယာအမှုတွဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)