ဟင်္သာတ ဒီဇင်ဘာ ၁၄
လူငယ်များ ဗလငါးတန်ဖွံဖြိုးစေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။ ပထမဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် စည်းမျဥ်းစည်းကမ်းများကို ရှင်းပြပြီး ဟင်္သာတမြို့ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးက အင်္ဂလိပ်စာဝေါဟာရကြွယ်ဝသည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ မြန်မာ စာလုံးပေါင်းသတ်ပုံ မှန်ကန်စွာ ရွေးချယ်ခြင်း ပြိုင်ပွဲတို့ကို ပါဝင်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် "ကျွန်ုပ်အနှစ်သက်ဆုံး စာအုပ်တစ်အုပ်အကြောင်း"၊ "ပျော်ရွှင်စရာခရီးစဥ်"၊ "ကျွနုပ်၏ဝါသနာ" စသည့် ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ခဲ့ကြပြီး ပျော်ရွှင်စရာဂိမ်းကစား နည်းများဖြစ်သည့် ဘောလုံးဖောက်ကစားခြင်း၊ ပင်ပေါင်ဘောလုံးအား လေမှုတ်၍ ခွက်အတွင်းပစ်ထည့် ကစားခြင်းတို့ကို ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြရာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပါဝင်ယှဥ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ဟင်္သာတမြို့၊ ဒူယားအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်အေးအေးမာက "လူငယ်နှင့် စာပေ ဗဟုသုတလေ့လာခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်မွန်မြတ်သူက "လူငယ်နှင့် စည်းကမ်း" ခေါင်းစဥ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ပြသ ထားသည့် "မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်" နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်